ဘာကြောင့် အောက်ဆီဂျင် ရှူဖို့ လိုတာလဲ
လူတွေဟာ အသက်ရှူလိုက်တိုင်းလေထဲက အောက်ဆီဂျင်ကို ရယူပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ၊ တစ်ရှူးတွေမှာ အောက်ဆီဂျင် လုံလောက်စွာရအောင် လုပ်ဆောင်ပေးပါတယ်။ အောက်ဆီဂျင်ကို အသုံးပြုပြီး ဆဲလ်တွေကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးတာပါ။
ရှူသွင်းလိုက်တဲ့ လေထဲကနေ အောက်ဆီဂျင် လုံလောက်စွာ မရနိုင်တဲ့အခါ ဆဲလ်တွေ၊ တစ်ရှူးတွေ သေဆုံးပျက်စီးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်နိုင်တဲ့ အခြေအနေတွေမှာ အောက်ဆီဂျင်ကို ရှူဖို့လိုအပ်လာပါတယ်။
အောက်ဆီဂျင် မလုံလောက်တဲ့ လက္ခဏာတွေ…
- မောပန်းနွမ်းနယ်နေတာ
- အာရုံစူးစိုက်လို့ မရတာ၊ မေ့လွယ်တာ
- စိတ်တိုစိတ်ဆတ်လာတာ
- ကောင်းကောင်းအိပ်မပျော်တာ
- မနက်စောစော ခေါင်းကိုက်တတ်တာ
- စားတာ၊ အဝတ်ဝတ်တာ၊ လမ်းလျှောက်တာလို ပုံမှန်လှုပ်ရှားမှုမျိုးကိုတောင် မလုပ်နိုင်တာ
- မောကြပ်တာ
- ခြေချင်းဝတ်တွေ ဖောတာ (နှလုံးက အောက်ဆီဂျင် မလုံလောက်တဲ့အတွက်ညှစ်အားနည်းသွားလို့ ဖောရောင်လာတာပါ)
- နှလုံးခုန်နှုန်းမမှန်တာ
- ခြေလက်တွေ ပြာလာတာတွေက အောက်ဆီဂျင် မလုံလောက်ကြောင်း ပြသတဲ့ လက္ခဏာတွေပါ။
ဘယ်လို အခြေအနေတွေမှာ အောက်ဆီဂျင် ရှူသင့်လဲ?
လေထဲက အောက်ဆီဂျင်နဲ့ မလုံလောက်တော့တဲ့အခါပါ။
- အဆုတ်ရောဂါ (နာတာရှည်အဆုတ်လေပြွန်ကျဥ်းရောဂါ (COPD)၊ အိပ်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်တဲ့ ရောဂါ (OSA)၊ Emphysema၊ တီဘီအဆုတ်နာ စသည်)
- နှလုံးပျက်စီးပြီး အမောဖောက်တဲ့ရောဂါ (Congestive Heart Failure)
- ကိုဗစ်ရောဂါ
- ရှော့ခ်ရနေတဲ့အခါတွေမှာ အောက်ဆီဂျင် လိုအပ်နိုင်ပါတယ်။
ဘယ်လို သိနိုင်လဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေ ရှိပြီး Pulse Oximeter လို့ခေါ်တဲ့ လက်ထိပ်မှာတိုင်းတဲ့စက်နဲ့ တိုင်းကြည့်တဲ့အခါ 92% အောက်ဆိုရင် အောက်ဆီဂျင် ရှူဖို့လိုအပ်ပါတယ်။ Artirial Blood Gas Analysis လို့ခေါ်တဲ့ သွေးလွှတ်ကြောထဲက သွေးဖောက်စစ်ဆေးရာကလည်း သိနိုင်ပါတယ်။
အောက်ဆီဂျင်ကို Nasal Prong လို့ခေါ်တဲ့ နှာခေါင်းထဲထည့်ပြီး ပေးရတဲ့ပိုက်နဲ့ ဖြစ်စေ၊ နှာခေါင်းရော ပါးစပ်ရော အုပ်ပြီးပေးရတဲ့ Face Mask နဲ့ ဖြစ်စေ ပေးလို့ရပါတယ်။ Nasal Prong နဲ့ ပေးရင် 4L/min အောက်သာပေးသင့်ပါတယ် (4L အထက်ပေးရင် ပိုက်သေးထဲကို gas တွေက အရှိန်နဲ့ တိုးဝင်ရတဲ့အတွက် နှာခေါင်းခြောက်သွေ့စေသလို နှာခေါင်းတွင်းမှာ ဒဏ်ရာရနိုင်ပါတယ်)။
အောက်ဆီဂျင်ဟာ ရောဂါကုသမှု တစ်ခုသာဖြစ်ပြီး ရောဂါကို ပျောက်ကင်းစေတဲ့ အရာမဟုတ်ပါဘူး (ဥပမာ…ကိုဗစ်ကြောင့် ပျက်စီးသွားတဲ့ အဆုတ်ကို အောက်ဆီဂျင်က ပြန်ကောင်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး)။
အောက်ဆီဂျင်ကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်မထားနိုင်တဲ့အတွက် အောက်ဆီဂျင်ကို ဖြုတ်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်ပမာဏက မိနစ်အနည်းငယ်အတွင်း ပြန်ကျသွားမှာပါ။ ဒါကြောင့် ဆရာဝန်ညွှန်ကြားမှုမရှိဘဲ မိမိသဘောနဲ့ ဖြုတ်တာမျိုး မလုပ်သင့်ပါဘူး။
အရေးကြီးတာတစ်ခုက အောက်ဆီဂျင်ရှူတဲ့အခါ အနီးအနားမှာ မီးထွန်းတာ၊ ဆေးလိပ်သောက်တာလို မီးအသုံးပြုတဲ့ အလုပ်တွေ လုပ်လို့မရပါဘူး။ အောက်ဆီဂျင်ဟာ မီးနဲ့ ထိတွေ့ရင် ပေါက်ကွဲစေနိုင်ပါတယ်။
အောက်ဆီဂျင်ရှူရတဲ့ အခြေအနေကို ဘယ်သူမှတော့ လိုချင်မှာ မဟုတ်ပါဘူး။ အောက်ဆီဂျင်ရှူရတဲ့ အဖြစ်ကို မရောက်စေဖို့ အဆုတ်ကျန်းမာစေတဲ့ အစားအစာတွေစားခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကာကွယ်ကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်